Posted by: kaungkimpyar on: March 17, 2009
ဒီနေ့ ညနေ ကျူရှင်က ပြန်လာပြီး အိမ်မှာ ရေမိုးချိုးတယ်..။ နောက်ပြီး မီးလာနေလို့ အင်တာနက် ခဏသုံးဖြစ်တယ်..။ နောက်တော့ နေ့လည်စာရော ညစာပါ မစားရသေးတဲ့ ဗိုက်ကို ဖြည့်ဖို့ မြို့ထဲက ဘိုကလေးဈေးမှတ်တိုင်းက နန်းယဉ်ဆိုတဲ့ ရှမ်းခေါက်ဆွဲဆိုင်မှာ သွားစားလိုက်တယ်.။ အဲ့ဆိုင်က ကျွန်တော် အကြိုက်ဆုံး ရှမ်းခေါက်ဆွဲဆိုင်ပါ..။ ဆိုင်တော်တော် များများမှာ စားဖူးပါတယ်. ဒီဆိုင်လောက်ကို စားမကောင်းပါဘူး..။ နောက်ပြီး ဈေးကလည်း သက်သာပါတယ်။ တစ်ပွဲကို ခြောက်ရာထဲပါ..။ အရင်ကဆို ငါးရာထဲရယ်..။ အသားတွေလည်း အများကြီးပါတယ်..။ စားနေရင်း မမီးလည်းစားချင်မှာပဲလို့ တွေးမိပါတယ်..။ ဒါပေမယ့် ၀ယ်သွားပြီး သွားပို့ရင် အေးပြီး ခဲသွားမှာက တစ်ကြောင်း.၊ မမီးက ရှမ်းခေါက်ဆွဲကို သိပ်မကြိုက်တာက တစ်ကြောင်း.. ဒါနဲ့ပဲ……………………..။ အရင်ကဆို မမီးတို့ဆိုင် စစသွားတုန်းက စခင်တုန်းက အဲ့ဆိုင်ကနေပဲ မနက်အစောကြီးသွားပြီး ၀ယ်သွားဖူးပါတယ်..မမီးဆီရောက်တော့ အေးပြီး ခဲသွားတော့ စားမကောင်းတော့ပါ..။
အဲ့ကနေတဆင့် မမီးအမေ ၊ ကြီးမေ ဓာတ်ပုံကူးခိုင်းထားတာကို သတိရတာနဲ့ ဓာတ်ပုံဆိုင်သွားပါတယ်. အနော်ရထာလမ်းနဲ့ ဘားလမ်းနားက ဆိုင်မှာပါ..။ Pacific တော့မဟုတ်ပါဘူး.. အဲ့ဆိုင်က ဆေးသားသိပ်မကောင်းဘူးလားလို့..။ ဓာတ်ပုံဆယ်ပုံကို ကိုးရာပေးရတယ်.. နာရီဝက်နေမှ ရမယ်ဆိုတာနဲ့ စောင့်မနေတော့ဘဲ ကားဂိတ်ကိုသာ ပြန်လာခဲ့တယ်.။ အပြန်လမ်းမှာ ခွေဆိုင်တစ်ခုမှာ ခွေဝင်ရွေးရင်း “ထောင်ဖောက် အကျဉ်းသားများ နံပါတ် (၅) ထွက်ပြီ” ဆိုတဲ့စာတွေ့လို့ မေးကြည့်တော့ Prison Break Season {5} Myanmar Subtitle နဲ့ ထွက်ပြီဆိုလို့ ၀ယ်လိုက်ပါတယ်.. တစ်ခွေမှ ခုနှစ်ရာတည်းပါ..။
မမီးက Prison Break ဆို အသေကြိုက်ပါတယ် အဲ့ထဲက ဇာတ်လိုက်ကောင်ကို ကြိုက်တာရယ်. ဇာတ်အိမ်ကလည်း တကယ်ကောင်းတာရယ်ကြောင့်ပါ…။ ကျွန်တော်လည်း တစ်ခါ ကြည့်ဖူးပါတယ်.. ကောင်းပါတယ်. လူကို ဆွဲဆောင်နိုင်လောက်တဲ့ ဇာတ်အိမ်နဲ့ ဖွဲ့စည်းထားပါတယ်.. ကျွန်တော်ကြည့်ဖြစ်တဲ့အပိုင်းတွေက Season {1} ကို အစပိုင်း ကြည့်ဖူးတယ်.. Season {3} ကို တစ်ခွေလုံးနီးပါး English Subtitle နဲ့ကော..Myanmar Subtitle နဲ့ပါ ကြည့်ဖူးတယ်..။ ကြားဖြတ်ကြည့်တာတောင် စိတ်ဝင်စားပြီး လူကို ဆွဲဆောင်စေပါတယ်..။ ကြားဖြတ်ကြည့်တာဆိုတော့ မသိတဲ့အပိုင်းကျရင် မမီးကို မေးပေါ့..။ မမီးကလည်း စိတ်မရှည့်တရှည်နဲ့ ပြန်ပြောပြပါတယ်..။ (သူလည်း စိတ်ဝင်တစား ကြည့်နေတဲ့အချိန်ဆိုတော့ ကြားဖြတ်မေးရင် စိတ်တိုချင်တာပေါ့..။)
တကယ်ပါ..။ မမီးက အဲ့ ဇာတ်လမ်းးတွဲတွေဆို အသေအလဲကြိုက်တာပါ…။ Season {3} ဆို သူဝယ်ထားတဲ့ အခွေအသံမထွက်လို့ဆိုပြီး တစ်ခါမှ တစ်ယောက်တည်း မသွားဖူးတဲ့ လှည်းတန်းကို သူတစ်ယောက်တည်း သွားဝယ်ပါတယ်.. လိုက်နေကျ ကျွန်တော့်ကိုတောင် စာသင်နေတယ်ဆိုပြီး ချန်ထားခဲ့တယ်..။ ကျွန်တော်ကတော့ အဲ့လောက်ကြီးမဟုတ်ပါဘူး..။ နောက်ဆုံးပေါ် သိပ္ပံကားဆိုရင်တော့ ၀ယ်ကြည့်ဖြစ်ပါတယ်..အ ခြား ဇာတ်အေးတွေ Action တွေဆိုရင် မကြည့်တော့ပါဘူး…။ အပျင်းကြီးတာလည်း ပါတယ်.. အခွေကြည့်ဖို့ အချိန်မပေးနိုင်တာလည်းပါတယ်.. မီးလာရင် အင်တာနက်ပဲ လှိမ့်သုံးနေကြဆိုတော့ မကြည့်ဖြစ်တော့ပါဘူး.. တစ်ခါ တစ်ခါ စာကြည့်တိုက်သွားရင် အဲ့မှာ ဖွင့်ထားတဲ့ ကာတွန်းကားတွေ ဇာတ်လမ်းတွေကို ငေးမောကြည့်ဖြတ်ပါတယ်.. ။
မမီး အတွက် သူကြိုက်တဲ့အခွေကို ၀ယ်လာပေးရတဲ့အတွက် စိတ်ထဲမှာ ပျော်နေတယ်.. ဖြစ်နိုင်ရင် အဲ့အခွေလေးကိုင်ပြီး ကလေးလေးလို ခုန်ပေါက်ပြီး အိမ်ပြန်ချင်ပါတယ်..။ ဒါပေမယ့် လူစည်ကားတဲ့ ဘားလမ်းနားမှာဆိုတော့ အဲ့လို ပြန်ရင် အရူးလို့ အထင်ခံရမှာလေ..။ တကယ်ပါ..တကယ်ပျော်ပါတယ်.. အဲ့အခွေလေးကို တကြည့်ကြည့်နဲ့…..။ ဘာတဲ့ အခွေပေါ်မှာ ရေးထားသေးတယ်..။ “Prison were made to be bread” *အကျဉ်းသားဆိုတာ ဖောက်ထွက်ဖို့ပါ* တဲ့..။ စာကြောင်းလေးက ရိုးရိုးလေးပေမယ့် သူ့ဇာတ်ကားနာမည်နဲ့ လိုက်တယ်လို့တော့ ယူဆမိပါတယ်.. ။ ကျွန်တော် အိမ်ကျရင် ကြည့်ချင်ပါတယ်..ဒါပေမယ့် Season {3} ပဲကြည့်ထားတဲ့ကောင်က Season {4} ကို မကြည့်ဘဲ ကျော်ပြီး Season {5} ကို ကြည့်မယ်ဆိုရင် ဘယ်လိုလုပ် အဆက် ရှိမှာလဲနော်ဗျ…။ ဘယ်လိုမှခံစားရလို့ရမှာ မဟုတ်ဘူး..ဘယ်လိုမှလည်း နားလည်မှာ မဟုတ်ဘူး.. နဂိုထဲက ကျွန်တော်က အင်္ဂလိပ်စာ ညံ့ညံ့ရယ်… ။ မြန်မာစာတန်းထိုးပေမယ့် အင်္ဂလိပ်စာတမ်းလောက်ပြည့်စုံတာ မဟုတ်ဘူး.. ဖြစ်သလို အဖြစ်လောက် ထိုးထားကြတာလေ..။ ဒါနဲ့ပဲ ကြည့်ဖို့ကို အားလျှော့လိုက်ပါတယ်..။
မမီး Prison Break အကြောင်းစဉ်းစားရင်း ရုပ်ရှင်ရုံမှာ သွားကြည့်ဖြစ်တဲ့ အကြောင်းကို တွေးမိပါတယ်..။ ကျွန်တော်နဲ့ မမီးနဲ့ ရည်းစာတွေ မဖြစ်ခင်မှာ ရုပ်ရှင်ရုံမှာ သုံးခါလောက် သွားကြည့်ဖြစ်ပါတယ်..။ ပထမတစ်ခေါက်က သမ္မတရုံမှာ..၊ ဘလက်ကတ်ကျော်နဲ့.သံယောဇဉ်နဲ့ ကျွန်တော်နဲ့ မမီးနဲ့။။ စမူဆာမတောင် ပါသေးလားမသိဘူး..။ သွားကြည့်တဲ့ကားနာမည်တောင်မေ့သွားပြီ… ဟာသကားပဲ ရယ်ရတယ်လို့ မှတ်မိသေးတယ်…။ မုန့်တွေစားကြ..ရုပ်ရှင်ကြည့်ကြ တစ်ယောက်နဲ့ တစ်ယောက် စကားလှမ်းပြောကြနဲ့ပေါ့ဗျာ..။ ကျွန်တော်က သိတဲ့အတိုင်း မမီးဘေးနားမှာ ထိုင်တယ်.. မုန့်ထုပ်ကိုင်ထားပြီး မမီးစားရင်ပေးတယ်.. နေကြာစေ့ခွံ့တောင် ခွာကျွေးဖြစ်သေးလားမသိဘူး..။ အဲ့အခေါက်တုန်းက မမီးတို့ဆိုင်က ဦးဖြူတို့နဲ့ ရှယ်ယာစပ်ပြီး လုပ်ထားတဲ့ ကာလမို့ မလှိုင်မီးတို့သားအမိ ဆိုင်မှာ ရှိကြသေးတယ်..။ သူတို့ မသိအောင် မမီးနဲ့ ကျွန်တော်တို့က လှိမ့်ထွက်ကြတာပေါ့…။ နည်းနည်းသတိရသေးတယ်..။ ကျွန်တော်နဲ့ မမီးနဲ့ သံယောဇဉ်တို့နဲ့က နောက်မှလိုက်လာမယ်ဆိုပြီး ဘလက်ကတ်ကျော်ကို အရင် လက်မှတ်သွားဝယ်ခိုင်းထားပါတယ်…။ ဟိုရောက်တော့ နောက်တောင်နောက်ကျနေလို့ ၀ရုန်းသုန်းကားနဲ့ ပြေးကြဖြစ်ပါတယ်..အရေးထဲ စောင့်ခိုင်းထားတဲ့ ဘလက်ကတ်ကျော်က ပျောက်နေသေးတယ်..။
နောက်တစ်ခေါက်ကတော့ ကျွန်တော်နဲ့ မမီးနဲ့ မိုးပြေးနဲ့ ပိုးကောင်နဲ့ သွားကြည့်ကြတာပါ.. စမ်းချောင်းက ရွှေဂုံရုံလား ဘာလဲမသိဘူး.. ပုဒ္ဒမာ ပန်းခြံရှေ့က၊ ဗားဂရာလမ်းပေါ်က ရုပ်ရှင်ရုံပါ..။ ထုံးစံအတိုင်း မလှိုင်မီးတို့ကို လှိမ့်ပြီး ထွက်လာတာပါ..။ မိုးပြေးနဲ့ ပိုးကောင်တို့ကို ရုပ်ရှင်ရုံအချိန်မေး ရုပ်ရှင်ရုံမှာ စောင့်ဖို့ပဲမှာထားတယ်…။ မမီးက ဆိုင်ကနေ သူ့အိမ်ကို ခဏပြန်တယ်..။ ထမင်းချိုင့်သွားပြန်ယူတာလားမသိဘူး..။ ရုပ်ရှင်ပြီးမှ ထမင်းချိုင့်ယူပြီး ဆိုင်ပြန်မယ့် သဘောနဲ့ ပြန်တာတူပါတယ်.. နည်း နည်းကြာတော့ မေ့တေ့တေ့ ဖြစ်နေပြီ….။ အိမ်ကပြန်အထွက်မှာ ပြဿနာတက်တာပါပဲ..။ ရုပ်ရှင်သာ သွားကြည့်မှာ ဘယ်ရုံကို သွားရမှန်းမသိဘူး..။ မမေးထားမိဘူး… အဲ့တော့ ဆိုင်ကို ဖုန်းလှမ်းဆက်တယ်..မိုးပြေးနဲ့ ပိုးကောင်ရှိသေးလားဆိုပြီတော့ပေါ့..။ သူတို့ နှစ်ယောက်ကလည်း မြန်ပါ့… မရှိတော့ဘူးလေ…။ ဒီတော့ကာ ဂျာနယ်ဆိုင်ကိုပဲ ပြေးရှာရတယ်.. ဂျာနယ်တွေမှာကဘယ်ရုံမှာ ဘယ်ကားတင်နေတယ်ဆိုတဲ့ သတင်းတွေ ပါတတ်တယ်လေ…။ ဂျာနယ်ဆိုင်မှာလည်း အဲ့သတင်းပါတဲ့ ဂျာနယ်မရှိဘူး..။ နောက်ဆုံးတော့ ရွှေဂုံရုံကို သွားကြည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်.. မမီးက ကျွန်းတောလမ်းအရှည်ကြီးကို မလျှောက်နိုင်တော့လို့ ဆိုက်ကားငှားစီးမယ်လုပ်တယ်….။ ဒါနဲ့ပဲ ရွှေဂုံရုံကို ဆိုက်ကားကြီးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတော့တယ်..။ အဲ့ရောက်တော့ ရုပ်ရှင်ချိန်မေးတော့ နီးနေပြီး မိုးပြေးတို့ကိုလည်း မတွေ့ဘူး… ခဏလောက် ဟိုကြည့်ဒီကြည့်လုပ်မှ သူတို့က ဟိုဘက်လမ်းမှာ စောင့်နေတာကိုး…။ အဲ့နောက်မှ မုန့်ဆိုင်မှာ မုန့်ဆင်းဝယ်တယ်..။ နောက်ပြီး ရုံထဲဝင်ကြတယ်..။ ရုပ်ရှင်ကြည့်တော့ အတွဲနှစ်တွဲပေါ့ဗျာ.. ။ ကြည့်နေတုန်း မမီးက နောက်ဆံတင်းနေတယ်ထင်ပါ့…ဆိုင်ကို သူ့အမေ ဖုန်းဆက်မှာလည်း ကြောက်တယ်..သူ့ပြည်လမ်းကလူ ဖုန်းဆက်မှာလည်း ကြောက်နေတယ်..။ ဒါနဲ့ပဲ ရုပ်ရှင်တစ်ခါ ကြည့်ဖြစ်ကြတာပေါ့…။ ဒီတစ်ခါ ကြည့်ဖြစ်တဲ့ ရုပ်ရှင်က အပျိုကြီးသုံးယောက်အကြောင်းကို ရိုက်ထားတာပါ..။ နာမည်က “ပန်းသုံးပွင့်ရဲ့ ဒဏ္ဍာရီ ” ဆိုလား ဘာလား မသိဘူး.. ။ ဒီကားလည်း ရယ်ရတဲ့ ကားပါပဲ..။
နောက်ဆုံးတစ်ခါကတော့ နေပြည်တော်မှာလား ရှေ့ဆောင်မှာလား မသိဘူး..။ ( အဲ့နှစ်ရုံက ကပ်နေပြီး ကျွန်တော်ကလည်း သေသေချာချာ မသိတာကြောင့် မရေရာဘူး..။ ) အင်္ဂလိပ်ကား..။ Death Race ဆိုတဲ့ ကား..။ ဆူးလေလမ်းမှာက ရုပ်ရှင်ရုံနှစ်ရုံရှိတယ်.။ နေပြည်တော်နဲ့ ရှေ့ဆောင်တွေပါ..။ တစ်ရုံက James Bond ကား.. နာမည် မေ့နေတယ်.. နောက်တစ်ရုံကတော့ Death Race ..Transporter ထဲက မင်းသား .။ ရွေးကြတော့ မမီးက James Bond မင်းသားအသစ်မို့ မကြိုက်ဘူးတဲ့ Death Race ပဲ ကြည့်မယ် အဲ့မင်းသားကို ကြိုက်ပါတယ်တဲ့..။ ဒါနဲ့ပဲ……………………………….။ အဲ……..ဘယ်လိုကြည့်ဖြစ်တာလဲဆိုတော့ အဲ့ဒီနေ့က ဆိုင်က PC သုံးလုံးကို Smart Computer ကို သွားပြင်ခိုင်းဖို့ရှိတယ်.. သွားပြင်ခိုင်းရင်းနဲ့ စောင့်ရမှာ ပျင်းလို့ ဘားလမ်းနားတ၀ိုက်လမ်းလျှောက်ရင်း မမီးက ရုပ်ရှင်ကြည့်မယ်ဆိုပြီး ကြည့်ဖြစ်ကြပါရော..အစက ကျွန်တော့်ကို မကြည့်စေချင်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော် အိမ်ကနေထွက်လာတာကြာပြီ အိမ်ကလည်း ခေါ်နေပြီ.. ကြီးမေကလည်း အဲ့နေ့မှာ ပြန်ဖို့ ပြောနေပြီလေ..။ ဒါကြောင့် သူလည်း ကြောက်ကြောက်နဲ့ ပြန်တော့ မကြည့်နဲ့တော့လို့ ပြောတာပါ…။ ဒါပေမယ့် ကျွန်တော်ပြန်သွားရင်လည်း သူတစ်ယောက်တည်း ကြည့်ရမှာလေ.. ဒါကြောင့် ကျွန်တော်လည်း မပြန်သေးဘဲ လိုက်ကြည့်လိုက်တာပါ..။ ကားကတော့ ကောင်းတယ်ဗျ…။ မှတ်မိသေးတယ်. ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ရင်း နောက်ကလူရဲ့ ခြေထောက်လား ဒူးလားမသိဘူး မမီးခုံပေါ် တင်ထားလို့ ကျွန်တော့်လက်ကောက်ဝတ်ကို မမီးနောက်က ခေါင်းပေါ်မှာ တင်ထားရင်း မှီထားခိုင်းလိုက်သေးတယ်…။ ပြန်စဉ်းစားရင် တကယ်ကြည်နူးမိပါတယ်..။ ကျွန်တော်ချစ်တဲ့လူကို အဲ့လို ကာကွယ်ပေးရတာ.. ချစ်သူတစ်ယောက်လို ဖက်ထားခွင့်ရတာ.. (တကယ်ဖက်ထားတာတော့ မဟုတ်ပါဘူး.. ဒါပေမယ့် ဘေးလူကြည့်ရင်တော့ ဖက်ထားတယ်ပေါ့..သူ့လက်မောင်းလေးကို…အဟိ…။) ရုပ်ရှင်ကြည့်ပြီး အပြန်မှာ Smart Computer ကို သွားတယ် PC တွေယူတယ်.. ကျွန်တော်လည်း အိမ်မပြန်သေးဘဲ ဆိုင်ကို ပြန်လိုက်သွားတယ်..အဲ့နေ့ ညနေ လောက်မှ အိမ်ပြန်ဖြစ်သွားတယ်ဗျ..။
အင်း ဒါတွေကတော့ ကျွန်တော်နဲ့ မမီးနဲ့ ခုချိန်ထိ ရုပ်ရှင်ကြည့်ဖြစ်တဲ့ သမိုင်းတွေပေါ့…။ အဲ့အချိန်တွေတုန်းက မမီးနဲ့ ကျွန်တော် ရည်းစားမဖြစ်သေးပါဘူး.. ခင်မင်ကြရုံသက်သက်ပဲပေါ့..။
ခု ရည်းစားဖြစ်မှ မမီးနဲ့ တစ်ခါမှ ရုပ်ရှင်ရုံမသွားဖြစ်ကြဘူး..။ ကျွန်တော်က ရုပ်ရှင်ရုံမှာ ကားသစ်တင်ရင် စိတ်ဝင်တစားဖတ်ပြီး ပွဲချိန်ပါ မှတ်ထားတယ်… မမီးနဲ့ သွားကြည့်မယ်ပေါ့လေ…။ တကယ်တမ်းကြတော့ မမီး မအားလို့ မကြည့်ဖြစ်ကြပါဘူးဗျာ..။ ဒါနဲ့ပဲ…….ခုထိ မကြည့်ဖြစ်ကြသေးပါဘူးဗျာ..။
ခုလည်း ဘယ်ရုံမှာ ဘာကားတင်လည်းဆိုတာ မသိတော့ပါဘူး..သိလည်း သွားကြည့်ဖြစ်မှာမှ မဟုတ်တာ..။ ကျွန်တော်က ရုပ်ရှင်ကို တစ်ယောက်တည်း ကြည့်ချင်တာမဟုတ်ဘူး..အရင်ထဲကလည်း စိတ်ဝင်စားကြီး မဟုတ်တော့…။ ရည်းစားနဲ့ အတူကြည့်ခွင့်ရမှာပဲ ကြည့်တော့မယ်ဗျာ..။
မမီး ..
အတူရှိနေတုန်း.. ရုပ်ရှင်တစ်ခါလောက်ကြည့်ကြရအောင်နော်…။
ကောက်ကင်
15/March/2009 (8:18 PM) at Yangon, Home
{ ဘာမှတော့ မဟုတ်ပါဘူး.. အခွေဝယ်ပြီး အပြန်ကားပေါ်မှာ တွေးမိလို့ သတိရလာလို့ ရေးဖြစ်တာပါ..။ ထိုင်ခုံမှာထိုင်တွေးနေရင်းနဲ့ ရှေ့မှာ လူပုလေး(ကျောကုန်းမှာ အသားပိုနဲ့) လူတစ်ယောက် လာရပ်လို့ နေရာဖယ်ပေးလိုက်ပါတယ်.အဲ့မှာ အတွေးပြတ်သွားပါတယ်..။ ဒါပေမယ့် ပီတိတော့ ဖြစ်မိပါတယ်.. ကျွန်တော့်ကြောင့် အဝေးကြီးသွားမယ့်လူတစ်ယောက် ထိုင်ခုံရသွားလို့. သူညောင်းတော့မှာမဟုတ်ဘူးလေ..။
ကျွန်တော့်အဖေအမေ ညီအစ်ကို မောင်နှမတွေများ အကယ်၍ ဘတ်စ်ကားစီးခဲ့မိသည်ရှိသော် ကျွန်တော့်လိုပဲ ထိုင်ရာက ထ.၊ နေရာဖယ်ပေးမယ့် လူတွေရှိပါစေလို့တော့ ဆုတောင်းလိုက်ပါသေးတယ်..။ ဒါဆို ကျွန်တော် စိတ်ကောင်းရှိတာ မဟုတ်တော့ဘူးနော်..။ အတ္တကြီးသလို ဖြစ်သွားပြီ..။ ဘာပဲဖြစ်ဖြစ်ဗျာ…။ ကျွန်တော် ပျော်ခဲ့ရတဲ့ ညနေလေးတစ်ခုပါပဲ…။}
: မေ့နေတာ ရှိသေးတယ်. Death Race မကြည့်ခင် နေ့လည်စာမစားရသေးလို့ ရှမ်းဆိုင်မှာ စားဖြစ်ကြတယ်..။ မမီးက ထမင်းပေါင်းစားတယ် ကျွန်တော်က ရှမ်းခေါက်ဆွဲစားတယ်.. စားလို့မကောင်းပါဘူးဗျာ.. မမီးလည်း ကုန်အောင် မနည်းစားရတယ်.. ဒါတောင် ဆိုင်ကို မနည်းရှာထားရတာ..ဈေးသက်သာတဲ့ဆိုင်ကိုပေါ့..ဟိ..။ :
Recent Comments