Posted by: kaungkimpyar on: January 16, 2009
ဒီနေ့… မမီးအိမ်ကို သွားဖြစ်တယ်။ မနက်စောစောတော့ မဟုတ်ဘူး။ မနက်ရှစ်နာရီကျော်လောက် ရောက်သွားတယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုတဲ့အတိုင်း “သြော်..လာသေးတယ်နော်”ဆိုတဲ့ နှုတ်ခွန်းဆက်သံနဲ့ ကြိုဆိုခံရတယ်။ မေကြီး ထမင်းချိုင့်ပြင်တာကို စောင့်ရပြီး မမီးအလှပြင်တာကိုလည်း စောင့်ရပြန်တယ်။ မမီး ပါးစပ်ကနေ ခဏခဏကြားနေရတဲ့ “ဘေဘေး” ဆိုတဲ့ အမျိုးသမီးက အဲ့အိမ်ကို လာလို့ ငါတောင် တွေ့လိုက်သေးတယ်။ နာမည်ကြားတဲ့အချိန်က ခပ်၀၀ မိန်းကလေးလို့ ထင်ထားတာ။ အပြင်မှာ တွေ့တော့ တော်တော်ပိန်တယ်၊ ပိန်ရှည်ကြီးဗျ။ သူက ဘာလာလုပ်လဲဆိုတော့ ငွေလာလွှဲပေးတာ။ ထားပါ.. ဒါ ကိုယ့်ကိစ္စမှမဟုတ်တာ။
အိမ်ကအထွက် မျက်စောင်းထိုးမှာရှိတဲ့ အကျီဆိုင်ကိုဝင်ပြီး မမီးက အနွေးထည် အကျီတစ်ထည် ပြတယ်။ ၀ယ်ပေးဖို့တော့မဟုတ်ပါဘူး။ ကြည့်လို့လှတယ် ကြိုက်တယ် ဆိုတဲ့ အကြောင်းပြောတာပါ။ ဈေးလည်း သက်သာတယ်တဲ့လေ။ တစ်သောင်းရှစ်ထောင်ထဲရယ်။ ဒဂုံစင်တာမှာဆို သုံးသောင်းကျော်တယ်တဲ့။ မမီးက တော်တော်သဘောကျနေတဲ့သဘောပါ.ငါလည်း ၀ယ်ပေးချင်တယ်. ဒါပေမယ့် ပိုက်ဆံက တစ်သောင်းတောင် ပြည့်အောင် မပါလာလို့ ဘာမှ မဖြည့်စွမ်းပေးနိုင်ခဲ့ဘူး.။ တော်တော် အသုံးမကျတဲ့ငါပါပဲ။
ဒီလိုနဲ့ အကျီဆိုင်မှာ ခဏကြည့်ပြီး ပြန်ထွက်လာခဲ့တယ်။ ပြန်ထွက်တော့ မမီးက မုန့်ဟင်းခါးဆိုင်က ကောင်လေးကို ကြည့်ပြီး “ဟိုမှာ. မုန့်ဟင်းခါးဆိုင်မှာ ထိုင်နေတဲ့ ကောင်လေးချောတယ်နော်” တဲ့။ ငါများ အဲ့လို ပြောကြည့်ပါလား။ စိတ်ဆိုးလိုက်မယ့်ဖြစ်ခြင်း။ ဒါပေမယ့် ငါ စိတ်မဆိုးအားသေးဘူး. မျက်မှန်ကျန်နေခဲ့လို့ အိမ်ကို ပြန်ယူရသေးတယ်။ လမ်းပေါ်ပြန်အထွက်မှာ. မမီးက ကားငှားပြီး ကားပေါ်တက်နေပြီ။ ကားပေါ်ရောက်တော့ ငါလည်း နည်းနည်းစိတ်ဆိုးပြလိုက်တယ်။ သဘောလောက်ပေါ့။ ဟဲ
ဆိုင်ရောက်တော့. မေကြီးထည့်ပေးလိုက်တဲ့ ပြောင်းဖူးပြုတ်ကို မမီးဖွင့်စားတယ်။ ငါက မစားချင်လို့ ဒီအတိုင်းထိုင်နေတယ်။ မမီးက ပြောင်းဖူးပြုတ်တွေချွေပြီး ငါ့ပါးစပ်ထဲ အတင်း ထိုးထိုးထည့်တယ်။ ငါက မစားချင်ပေမယ့် အတင်းထိုးထည့်တော့ စားလိုက်ရတယ်. မစားချင်ဘူးလို့ ပြောပေမယ့် မမီး အဲ့လို ဂရုတစိုက်ကျွေးတော့ စားချင်လာတယ်။ ယုယတာကို ခံချင်တာလား.ဘာလဲတော့ မသိဘူး။ ဒါနဲ့ပဲ သူ့လက်ထဲက ပြောင်းဖူးကုန်ခါနီးလာပြီ။
ပြဿနာအကြီးအကျယ်တက်တာကတော့ ဆိုင်က Battery ထဲမှာ Acid တွေခမ်းနေတယ်။ ငါ လွန်ခဲ့တဲ့သုံးရက်လောက် ပြောဦးမလို့ပဲ။ မေ့သွားလို့ မပြောဖြစ်တာ။ သူတို့လည်း ဖြစ်မှ သတိရတယ်။
ရွာမ ကျောင်းလမ်းထဲမှာ အောင်အောင် နဲ့အတူ မိုးရေသွားဝယ်တယ်.ပြန်လာတော့ မမီးအတွက် အုန်းနို့ခေါက်ဆွဲ ကြက်သွန်ကြော်နဲ့ ၀ယ်လာခဲ့တယ်။ ငါ့အတွက်ကတော့ ပဲကြော်နဲ့ပေါ့။ ဆိုင်ရောက်တော့ ထည့်ကြွေးပါတယ်။ မမီးလည်း အလုပ်ရှုပ်နေတာနဲ့.။
နေ့ခင်းရောက်လာတော့ ဘာမှ ထူးထူးခြားခြား မဖြစ်သေးပါဘူး။ ထမင်း တစ်ပန်းကန်ထဲမှာ အတူတူ စားကြတယ်။ အဲ့လို အတူတူစားရတာကို ကြိုက်တယ်။ ပိုပြီး ခင်မင်ရင်နှီးမှုရှိတယ်။ ချစ်ခင်မှုကို ပိုပြီးခံစားမှုတယ်လို့ ယူဆတယ်။ မမီးက မေးသေးတယ်. “ငါနဲ့ တူတူစားရမှာ ရွံ့လို့လား. ဇွန်းအသစ်တစ်ချောင်းယူပေးရမလား” တဲ့။ မလိုပါဘူးဗျာ။ ကျွန်တော်နဲ့ မမီးနဲ့ ဒီလိုစားရတာကို ပျော်တယ်။
ထမင်းစားပြီး နေ့လည် နှစ်နာရီကျတော့ထုံးစံအတိုင်း ရန်ဖြစ်ဖို့ တာစူလာကြတယ်။ ငါကော. မမီးကောလေ။ ဒါနဲ့ပဲ စကားနိုင်စလုကြပြန်တယ်။
လုရင်းလုရင်းနဲ့ ငါ မမီးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ငိုင်ကျသွားတယ်။ ငါဘာဆက်ပြောရမယ်ဆိုတာကို သိရက်နဲ့ ဘာမှ မပြောဖြစ်ခဲ့ဘူး။ အဲ့လို ဖြစ်သွားတော့ မမီးက ငါ့ကို လိုက်ချော့ရှာပါတယ်။
ဒါနဲ့ပဲ…မမီးက စာအုပ်တစ်အုပ်ယူခိုင်းပြီး “ကဲ လေ့ကျင့်ခန်းရေးကြအောင်” ဆိုပြီး ပြုံးစိစိမျက်နှာထားနဲ့ ပြောတယ်။ တကယ့်ကို အသည်းယားစရာရုပ်လေးပါဗျာ။ အဲ့လို လုပ်နေချိန်မှာ ပါးကို ဖက်ဖက်နမ်းလိုက်ချင်တယ်။
လေ့ကျင့်ခန်းရေးတယ်ဆိုတာ. မမီးနဲ့ ငါနဲ့ အသံထွက် စကားများမယ့်အစား စာရေးပြီး ရန်ဖြစ်ကြတာပါ. အဲ့လို စာနဲ့ရေးပြီး ရန်ဖြစ်တာက ငါနဲ့ မမီးတို့ရဲ့ ရင်ထဲက စကားတွေကို အပွင့်လင်းဆုံးဖွင့်ဟ ပေးတယ်။
ဘာတွေ ဖြစ်ကြလဲဆိုတော့.. SCANNER မရှိသေးလို့ နောက်မှ တင်ဖြစ်တယ်။
ညနေ လေးနာရီဝန်းကျင်လောက်ကျတော့ မမီးက ဆံပင်သွားညှပ်မယ် လိုက်မှာလား မလိုက်ဘူးလား လို့မေးတယ်။ ငါပဲလေ. မမီး ဘယ်သွားသွား လိုက်နေကြ. အလွန်ဆုံး အိမ်သာထဲ လိုက်လို့ရရင်တော့ လိုက်မယ့်ကောင်။ ဒါနဲ့လိုက်သွားတယ်။
ဆံပင်ညှပ်ဆိုင်က ဝေးဝေးလံလံပါပဲ။ ရှမ်းခေါက်ဆွဲဆိုင်ရှေ့က သိမ့် ဆိုတဲ့ ဆံပင်ညှပ်ဆိုင်။
အဲ့ဆံပင်ညှပ်ဆိုင်တောင် မရောက်သေးဘူး၊ မြေညီထပ်မှာ ကျွန်တော်နဲ့ မမီးနဲ့ ရန်ဖြစ်ကြသေးတယ်။ ကျွန်တော့်ကို ဆံပင် အတင်းညှပ်ခိုင်းလို့ ကျွန်တော်က ပြင်းရင်းနဲ့ ဆိုင်ထဲရောက်သွားတယ်။
ကျွန်တော်လည်း မညှပ်ဖြစ်ပါဘူး။ မမီးခေါင်းလျှော်တယ်လေ. ပထမဦးဆုံး။ သူခေါင်းလျှော်နေတုန်း ကျွန်တော် မစောင့်ချင်လို့ မုန့်ဟင်းခါးသွားဆင်းစားတယ်။ ပြန်လာတော့ အာလူးကြော်နဲ့ တို့ဟူးကြော် (တို့ဟူးကြော်လို့တော့ ပြောတာပါပဲ) ၀ယ်လာခဲ့တယ်။
မမီးကို အာလူးကြော်ကျွေးမလို့ ဖောက်လိုက်တာ အကုန် အောက်ကျကုန်လို့ တံမြက်စည်းနဲ့လှည်းရသေးတယ်။
မမီးဆံပင် ခေါင်းလျှော်ပြီးတော့ ပြန်ကြတယ်။ ဘာလို့ ဆံပင်မညှပ်တာလဲလို့ မေးတော့ ငါမညှပ်လို့ မညှပ်တာပါတဲ့။ ငါက ဈေးကြီးလို့ မညှပ်ချင်တာ။
အပြန်ကျတော့ မမီး ခေါင်းလျှော်ပြီးခါစဆိုတော့ ဇိမ် အခံလေး နည်းနည်းကြံနေတော့ အိပ်ချင်နေတယ်ထင်ပါရဲ့။ တ၀ါးဝါးနဲ့ သမ်းနေတယ်။
ထားတော့…။
ဒါနဲ့ပဲ တစ်ညနေလုံး ငါနဲ့ မမီး လေ့ကျင့်ခန်းရေးကြသေးတယ်။ မမီးက ပြောသေးတယ်. ငါတို့က စာမေးပွဲဖြေနေကြတာတဲ့. နင်နိုင်ရင် မိန်းမရမယ်. ငါနိုင်ရင် ယောကျာ်းရမယ်လို့ ပြောင်ပြောသေးတယ်။
ညဘက် ရောက်တော့ ငါ ပြန်ဖို့ အချိန်တန်ပြီလေ။ အဲ့အချိန်မှာလည်း ငါတို့ စာမေးပွဲကို လက်စသတ်ကြတယ်။
ဒီကြားထဲ မမီး Mr. Crown နဲ့ပတ်သက်ပြီး ငါနဲ့ စကားများကြသေးတယ်။
မမီးနားနောက်က အသားပတ်နေတဲ့နေရာကို ဆေးထည့်ပေးတယ်။
လက်က ကွဲနေတဲ့ အနာကိုလည်း ဆေးထည့်ပေးမယ်။
ပြန်ခါနီး ၀င်းဇော်ဆိုတဲ့ ကောင်က ဆိုင်မှာ လာသုံးတယ်. မမီးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေလို့ ငါလည်း စိတ်မချလို့ ထိုင်စောင့်ပေးနေလိုက်သေးတယ်။ မမီးက ထမင်းထည့်ပြီး ငါတို့ နှစ်ယောက်အတူတူစားကြသေးတယ်။
အဲ့ဝင်းဇော်ဆိုတဲ့ လူ ပြန်သွားမှ ငါလည်း စိတ်ချလက်ချပြန်ဖြစ်တယ်။
ရှစ်နာရီငါးဆယ်ရှိပြီမို့ ဘတ်စ်ကားစီးရင် မိုးလင်းသွားမယ်ဆိုတာ သိလို့.. ကားငှားစီးတယ်။
ကားပေါ်မှာ ငါစဉ်းစားမိသေးတယ်။
နောက် နှစ်နှစ်ကို အမြန်ဆုံးရောက်ချင်တယ်။ မဟုတ်ရင် ငါစိတ်ပင်ပန်းနေရမယ်
ငါလည်း မမီးကို စိတ်ချမှာ မဟုတ်ဘူးလေ။
ဒီလို ရင်မှာ ပူလောင်စရာတွေ တွေးပြီးအင်းလျားလမ်းထဲက အထွက် ရွှေတိဂုံဘုရားကြီးကို မြင်လိုက်တော့ ရုတ်တရက် အပူတွေ ပျောက်သွားသလိုလို၊ အေးချမ်းသွားသလိုလိုခံစားရတယ်။
အိမ်ပြန်ရောက်တော့ ငါ အမှတ်တရ စာပုဒ်တွေမှာ မမီး အပွင့်လင်းဆုံးသဘောထားနဲ့ comment ပေးထားတာကို တွေ့ရတော့ ငါပျော်လိုက်တာ။ ဘယ်လို ပျော်မှန်းကို မသိတာ။။ အဲ့စာလေးတွေကို ငါ ခဏခဏ ပြန်ပြန်ဖက်နေတယ်။
မမီးဆီက အဲ့လို စကားတွေလိုချင်လို့၊ သနားအောင်လို့ ဒီစာတွေ ရေးထားတာ မဟုတ်ဘူး။ ကျွန်တော် အမှတ်တရလေးတွေ မေ့သွားမှာ စိုးလို့ ရေးထားတာဆိုတာ ယုံကြည်ပေးပါ။
မနက်ကျရင် မမီးကို ရှမ်းခေါက်ဆွဲဝယ်ကျွေးရမယ်။
ငါကြိုက်တဲ့ ဘိုကလေးဈေးလမ်းနားက ရှမ်းဆိုင်ကနေလေ။
မေကြီးတွက်ပါ ၀ယ်သွားမယ်။
ကောက်ကင်
January 17, 2009 at 10:10 pm
အင်္ကျီသွားကြည့်တာကနင့်ကိုဝယ်ပေးဖို့သွားကြည့်တာ နင့်အတွက်အမဲရောင် ငါ့အတွက်အညိုရောင်လေးဝယ်မလို့ . အမဲမရှိတော့ဘူးလားလို့မေးလိုက်တော့မရှိတော့ဘူး ဆိုတာနဲ့ မ၀ယ်လိုက်တော့တာ …. အမှတ်တရဆိုတာ ဆုံနိုင်ခွင့်မရှိတော့တဲ့သူတွေအတွက်သာမှတ်ထားရတာ…. နင်လဲအဲလိုကြောင့်မှတ်ထားတာလား….. ဒါမှမဟုတ် ငါ့ကို နင်စာရေးချင်လို့ ဇာတ်ကောင်တစ်ယောက်အနေနဲ့ အသုံးချနေတာများလား ဟင် ………..